ဒေါပုံ ဇန်နဝါရီ ၁၂
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်မှုလက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနက တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒေါပုံမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထူးချွန်က ကျောင်းသား၊ ကျောင်းသူများအား မီးလောင်မှုပုံစံအမျိုးမျိုး၊ မီးငြှိမ်းသတ်ရာတွင် မီးလောင်မှုအမျိုးအစားအလိုက် အသုံးပြုရသည့် မီးငြှိမ်းသတ်အထောက်အကူပြုပစ္စည်းများ၊ မီးလောင်မှုကိုအားပေး သည့် အဓိကအကြောင်းအရာများနှင့် မီးဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက ဆက်သွယ်အကြောင်းကြားရမည့် ဖုန်းနံပါတ်များ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း မီးငြှိမ်းသတ်မှုသရုပ်ပြပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ရာ မီးလောက်ကျွမ်းမှုဖြစ်စဥ်တစ်ခုတွင် မီးငြှိမ်းသတ်ဆောင်ရွက်မှု လုပ်ငန်းအဆင့်ဆင့်တို့ကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက သရုပ်ပြဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လိုက်ပါဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြပွဲအခမ်းအနားသို့ ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက တက်ရောက်ခဲ့ကြပြီး လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)