မြစ်သား ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျန်တောကျေးရွာအုပ်စု ကွင်းအမှတ်(၄၈၉)ကွင်းအတွင်းရှိ ကုလားပဲစိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး စျေးကောင်းရရှိရန်ဒေသခံတောင်သူများမျှော်လင့်နေကြောင်း သိရသည်။
ယခုနှစ်အတွက် မြစ်သားမြို့နယ်အတွင်းရှိ ကုလားပဲစိုက်ဧက(၂၂၄၀၀)ကို စိုက်ပျိုးရန်လျာထားဆောင်ရွက်ခဲ့ရာ ဒေသခံတောင်သူများအနေဖြင့် ယခုနှစ်ကုလားပဲစိုက် ဧက(၂၁၃၆၀)ကိုစိုက်ပျိုးနိုင်ခဲ့ပြီး ကျန်ရှိသောဧကများကိုလည်း ဆက်လက်၍ စိုက်ပျိုးလျက်ရှိကြောင်း၊ အဓိကအားဖြင့်ဒေသရာသီဥတုနှင့်ကိုက်ညီပြီးအထွက်နှုန်းပိုမိုကောင်းမွန်သည့် ရေဆင်း(၇)နှင့် ရေဆင်း(၈)မျိုးကို ရွေးချယ်စိုက်ပျိုးလျက်ရှိကြသည်။ ကုလားပဲ(၁)ဧကစိုက်ပျိုးရာတွင် ကုန်ကျစရိတ်ဖြစ်သော မျိုးစေ့ဝယ်ယူခြင်း၊ ထွန်ရှင်းခပေးချေခြင်းနှင့် ပိုးသက်ဆေးဖိုးအပါအဝင်ငွေကျပ်(၄)သိန်းခန့်ကုန်ကျကြောင်း ၊ ကုလားပဲပေါ်ချိန်တွင် ဝယ်ယူသည့်စျေးနှုန်းသင့်တင့်ရှိသည့်အတွက် အမြတ်ငွေရရှိရန်နှင့် စျေးကောင်းရရှိရန်မျော်လင့်ကြောင်း၊ ဒေသခံတောင်သူများနှင့် ကျန်တောကျေးရွာအုပ်စုအတွင်းရှိ ကုလားပဲစိုက် တောင်သူများထံမှသိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)