မက်မန်းမြို့ ကွန်ဟောင်းကျေးရွာ အလင်းရောင်စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်

မက်မန်း ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နေပြည်သူများအား စာဖတ်သူများအချင်းချင်း ရင်းနှီးမှုရှိပြီး စာဖတ်သည့်အလေ့အထကောင်းများကို လက်ဆင့်ကမ်းနိုင်စေရန်နှင့် စာဖတ်ဝိုင်းမှတစ်ဆင့် ဘဝအထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ် ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီက ကွန်ဟောင်းကျေးရွာ အလင်းရောင်စာကြည့်တိုက်တွင် အဆိုပါ စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာဖတ်ဝိုင်းကိုကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ညိုက “မျိုးချစ်စိတ်နှင့် မျိုးစောင့်စိတ်” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေက “ထဘီသင်ခန်းစာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သိန်းသန်းဌေးက စာရေးဆရာအောင်သင်းရေးသားသည့် “မျိုးဇာတ်သစ် တိုးတက်ရစ်ဖို့” စာအုပ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာဖတ်ပရိတ်သတ်များက ဖတ်ကြားဆွေးနွေးခဲ့သော ခေါင်းစဉ်များအပေါ် မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်းအပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ စာဖတ်ဝိုင်းကို ကွန်ဟောင်းကျေးရွာ အလင်းရောင်စာကြည့်တိုက်တွင် အပတ်စဉ်စနေနေ့တိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အေဇက်ထွန်း(မက်မန်း)