မိတ္ထီလာခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

မိတ္ထီလာ၊ ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား အထူးစျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း၍ စျေးကွက်အတွင်း ရောင်းချနေသော စက်သုံးဆီများအား သတ်မှတ်အချိန်အတွယ်နှင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီခြင်းရှိ/မရှိ၊ MSMEနှင့် စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီ လိုအပ်ချက် များ ဝယ်ယူရာတွင်အဆင်ပြေစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှုရှိ/မရှိ ခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များ အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ ရည်ညွှန်းဈေးတို့ကို အပတ်စဉ် သောကြာနေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေးလျက်ရှိရာ သတ်မှတ်ဈေးနှုန်းများဖြင့်သာ ဖြန့်ဖြူး ရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြု လုပ်ကြရန်၊ သိုလှောင်ကန်များ၏ လက်ကျန် အခြေအနေနှင့် နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင် ဖွင့်လှစ်/ ပိတ်သိမ်း မှုအခြေအနေများ၊  တရားမဝင် စက်သုံးဆီများရောင်ချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီဆိုင်တွင်တပ်ဆင်ထားသော CCTV များမှ Control စနစ်ကောင်းမွန်ခြင်းရှိ/မရှိတို့အား အထူး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)