စစ်တွေ ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် ဟင်းသီးဟင်းရွက် အထူးဇုန်ဧက (၃၀)စိုက်ခင်းကွင်းသရုပ်ပြခြင်းနှင့် တောင်သူများအားမျိုးစေ့နှင့်ဓာတ်မြေဩဇာ ချီးမြှင့်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ဘုမေကျေးရွာအုပ်စု၊ ဒါးပိုင်ကျေးရွာ ဟင်းသီးဟင်းရွက်အထူးဇုန်၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးကြသည့်တောင်သူများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့နယ်အနေဖြင့် ဟင်းသီးဟင်းရွက် (ဆောင်းသီးနှံ) ၉၆၃ ဧက စိုက်ပျိုးခဲ့ပြီး ဘုမေကျေးရွာအုပ်စု၊ ဒါးပိုင်ကျေးရွာတွင် ၃၈၇ ဧက စိုက်ပျိုးထားရှိသည်ကိုတွေ့ရကြောင်း၊ နိုင်ငံတော်အနေဖြင့် သီးနှံစိုက်ပျိုးထုတ်လပ်မှု တိုးတက်မြင့်မားရေး ဆောင်ရွက်ရာတွင် ဈေးကွက်ရရှိရန်၊ နည်းပညာပံ့ပိုးမှုများပိုမိုလွယ်ကူစေရန် စပါး၊ မြေပဲ၊ နေကြာအထူး ဇုန်စသည်ဖြင့်သီးနှံအလိုက် ဇုန်များသတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါးပိုင်ကျေးရွာသည် ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုများသည့်အတွက် ဟင်းသီးဟင်းရွက်ဇုန်အဖြစ် သတ်မှတ်ပြီးဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ဟင်းသီးဟင်းရွက်သီးနှံသည် ပြည်သူများနေ့စဉ်စားသုံးနေရသည့် သီးနှံဖြစ်သည့်အတွက် အာဟာရပြည့်ဝရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ကွင်းသရုပ်ပြပွဲ တွင် ဟင်းသီးဟင်းရွက်အထူးဇုန်ဧက(၃၀)၏ အောင်မြင်ဖြစ်ထွန်းမှုများကို တောင်သူများသိရှိလေ့လာ နိုင်အောင်ဖိတ်ခေါ်ပြသခြင်းဖြစ်သကဲ့သို့ စိုက်ပျိုးရေးနည်းစနစ်များကို လိုက်နာကျင့်သုံးပြီး အောင်မြင်အောင်စိုက်ပျိုးပြသခဲ့သည့် တောင်သူများကို ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ဓာတ်မြေဩဇာများ ချီးမြှင့်ပေးအပ်သည့်ပွဲလည်းဖြစ်ကြောင်း၊ အထူးဇုန်တွင် စိုက်ပျိုးရေရရှိရေးအတွက်လည်း ဆက်စပ်ဌာနများနှင့် ပူးပေါင်းပြီးဆောင်ရွက်ပေးထားဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့နှင့်ဓာတ်မြေဩဇာများကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည့်အတွက် တောင်များအနေဖြင့် ရရှိသည့်မျိုးစေ့များကို စနစ်တကျ စိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ယခုပြသသော ဟင်းသီးဟင်းရွက်စိုက်ခင်းများအား စိတ်ဝင်တစားလေ့လာကြပြီး နမူနာယူကာစိုက်ပျိုးကြစေလိုကြောင်း၊ ရရှိသောမျိုးစေ့များ၊ ဓာမြေဩဇာများကို အသုံးပြုပြီး စနစ်တကျစိုက်ပျိုးခြင်းအားဖြင့် မိမိတို့ဒေသအတွင်း လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် စားသုံးနိုင်မည်ဖြစ်သည့်အပြင် ပြည်နယ်၏သီးနှံစိုက်စွမ်းအား တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေသည့်အတွက် စိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဝင်ငွေတိုးတက်ရရှိပြီး လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်နိုင်ပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တောင်သူများအား ဆောင်းသီးနှံမျိုးစေ့နှင့် ဓာတ်မြေဩဇာများကို ပေးအပ်ချီးမြှင့်ပြီး တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ဟင်းသီးဟင်းရွက်သီးနှံများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်းသီးဟင်းရွက် အထူးဇုန်ဧက(၃၀)၏ အောင်မြင်ဖြစ်ထွန်းနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ အထူးဇုန်ဧက(၃၀)တွင် ခရမ်းချဉ်၊ ငရုတ်၊ ပန်းမုန်လာ၊ ကြက်သွန်နီ၊ မြေထောက်ပဲ၊ ကန်စွန်းဥနှင့် ဖူးစားပြောင်းများစိုက်ပျိုးထားရှိကြောင်း သိရသည်။
အလားတူ ဘုမေကျေးရွာအုပ်စု၊ ဒါးပိုင်ကျေးရွာတွင် ဆောင်းသီးနှံ ဟင်းသီးဟင်းရွက် ၃၈၇ ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများကလည်း စိုက်ပျိုးရေးနည်းပညာနှင့် ရေရရှိရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ပေးထားကြောင်းသိရသည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ ရခိုင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ရခိုင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး ပြည်နယ်မြေစာရင်းဦးစီးမှူးက အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ကော်မတီအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးဆုံးဖြတ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။
တင်ထွန်း(ပြန်/ဆက်)