ကျိုင်းလပ် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဝမ်နတ်)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေလွင်မှ အဖွင့်အမှာစကား ပြောကြားပြီး လက်ထောက်ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကာယ၊ ဉာဏ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးထွေး၊ အထက(ဝမ်နတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေလွင်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့် ပေးအပ်သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေ တင်ဆက်ရာ အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဂုဏ်ပြုဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)