ကမာရွတ်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် အ.ထ.က(၃)ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တို့ နွှဲပျော်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ရာ ဒုတိယမြို့နယ် စီမံအုပ်ချုပ်ရေးမှုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ.ထ.က (၃) ကျောင်းအုပ်ဆရာမကြီးက စုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့သည့် အလှူရှင်များနှင့် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးခဲ့ကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် တိုင်းအဆင့် လူရည်ချွန် အင်္ဂလိပ်စာ၊ သင်္ချာထူးချွန်ဆု၊ မြို့နယ်အဆင့် ဘက်စုံထူးချွန်ဆု၊ တက္ကသိုလ်ဝင်စာမေးပွဲဂုဏ်ထူးရ ထူးချွန်ဆု၊ ကဗျာ၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ကျောင်းတွင်း အင်္ဂလိပ်စာ၊ သင်္ချာထူးချွန်ဆု စသည့်ဉာဏဆုများနှင့် သင်ကြားရေးထူးချွန်ဆုရရှိသည့် ဆရာ၊ ဆရာမများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက အဆို၊ အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယမြို့နယ်စီမံအုပ်ချုပ်ရေးမှုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)