ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ 

 ရန်ကုန် ဇန်နဝါရီ ၁၁ 

ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် အဆိုပါ စေတီတော်ဂေါပကအဖွဲ့ရုံး၌ ကျင်းပသည်။

 ဦးစွာ အစည်းအဝေးကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး (၇၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးဝင်းမြင့်နှင့်ဦးစီးနာယကများက အမှာစကားပြောကြားကြသည်။

 ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှဥက္ကဋ္ဌများက တင်ပြဆွေးနွေးကြပြီး ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံ ကြိမ်ရွတ်ဆို ဆုတောင်း၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်​သည်။

(၇၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို၊ တပို့တွဲလဆန်း(၇)ရက် ဖေဖော်ဝါရီလ ၄ ရက်မှ တပို့တွဲလဆန်း (၁၂) ရက် ၉ ရက်နေ့ထိ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်သွားမည် ဖြစ်သည်။ ဖေဖော်ဝါရီ  ၅ ရက်နှင့် ၆ ရက်နေ့ နံနက် ၇ နာရီတွင် ထမနဲထိုးပွဲ ကျင်းပပါမည်ဖြစ်ပြီး ဖေဖော်ရီ ၉ ရက် နံနက်တွင် မြတ်စွာဘုရားအားရည်မှန်း၍ ဆွမ်းတော်ကြီးကပ်လှူပူဇော်ပြီး နံနက်(၈)နာရီတွင် စေတီတော်အတွင်း၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဆရာတော်ကြီးများဦးဆောင်သော စေတီတော် ဩဝါဒါဝရိယ ဆရာတော်ကြီးများအပါအဝင် ပင့်သံဃာတော်(၄၅))ပါးတို့ဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အလှူမင်္ဂလာကျင်းပမည်ဖြစ်သည်။

ဆက်လက်၍ နံနက် ၉ နာရီတွင် မြတ်စွာဘုရားရှင်နှင့် အဂ္ဂသာဝကအရှင်မြတ်ကြီး နှစ်ပါးတို့အား အမှူးထား၍ နိုင်ငံတော်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ ဦးဆောင်သော ပင့်သံဃာတော် (၄၅)ပါး စုစုပေါင်း(၄၈)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည်ဖြစ်ပါသဖြင့် သဒ္ဓါကြည်လင်ပါရမီရှင်များအနေဖြင့် မိမိတို့တတ်စွမ်းသမျှ ထမနဲဆွမ်းအလှူ၊ ဆွမ်းတော်ကြီးအလှူများ၊ ဆွမ်းဆန်စိမ်းအလှူနှင့်ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊  သံဃာ့ပူဇာအလှူများ ပါဝင်လှူဒါန်းကုသိုလ်ယူနိုင်ရန် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဖုန်း-၀၉-၄၂၅၀၁၂၅၂၁၊ဝ၉-၉၇၉၆၃ဝ၉၂၅၊ဝ၉-၇၉၉၃ဝ၉၄၉၉ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။

အောင်မြင့်(ပြန်/ဆက်)