တာမွေ ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျောင်းရှိ ဧရာဝတီခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသူလေးများက “မင်္ဂလာပါ” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဒေါ်သွယ်သွယ်အောင်၊ အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှမြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာစိုးတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ထူးချွန်ဆုရရှိခဲ့ကြသော ဆရာ/ဆရာမများနှင့် ကျောင်းသား/သူလေးများအား သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် မိဘဆရာအသင်းဝင်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)မှ ကျောင်းသူလေးများက “ဆီမီးခွက်အက” ဖြင့်လည်းကောင်း၊ အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသူလေးများက “ထာဝရသစ္စာ” သီချင်း၊ “ဇာတိမာန်” သီချင်းများဖြင့်လည်းကောင်း အသီးသီးကပြသီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)