ကော့မှူးတွင် ဌာနဆိုင်ရာရုံးများအား မီး‌ဘေးလုံခြုံ‌ရေးနှင့် မီး‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး လိုက်လံစစ်‌ဆေး

ကော့မှူး ဇန်နဝါရီ ၁၁ 

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပူပြင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာသဖြင့် မိမိတို့ရုံးဌာနများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စီမံချက်နှင့်ကာကွယ်ရေးပစ္စည်းများ စီမံဆောင်ရွက်ထားရှိမှု၊  ရေရရှိရေးစီမံဆောင်ရွက်ထားရှိမှုအ‌ခြေအနေများ ဝန်ထမ်းများ မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုတတ်မှုတို့ကို မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက  ‌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာ့လယ်ယာဖွံ့ဖြိုး‌‌ရေးဘဏ်၊ သမဝါယမဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်လျှပ်စစ်မန်‌နေဂျာရုံး၊ မြန်မာ့စာတိုက်လုပ်ငန်း၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊‌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ဆက်သွယ်‌ရေးဦးစီးဌာနများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့အပြင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိတ်မီးကပ်၊ သဲပုံးရေပုံးများ စီစဉ်ဆောင်ရွက်ထားရှိရန်၊ လျှပ်စစ်မီးအသုံးပြုရာတွင် မီးဘေးလုံခြုံရေးအတွက် အလေးထားဂရုပြုဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ် တစ်စုံတစ်ရာကြုံတွေ့လာပါက သက်ဆိုင်ရာသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ဆောင်ရွက်ရန်တို့ကို ရုံးတာဝန်ခံများအား ဆွေးနွေးမှာကြားခဲ့ပြီး၊ အခြားဌာနဆိုင်ရာရုံးများသို့လည်း ဆက်လက် စစ်ဆေးအသိပေးနှိုးဆော်သွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်မှ သိရသည်။

ကျော်သူရ (ကော့မှူး)