ကော့မှူးမြို့နယ် လာဝတီကျေးရွာတွင် ကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုး

ကော့မှူး ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနအမှတ် (၃၆) စက်မှုလယ်ယာစခန်းတို့ ပူးပေါင်း၍ လာဝတီကျေးရွာရှိ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေဧက(၁၀၀)တွင် စက်မှုလယ်ယာစခန်းကော့မှူးမှ KUBOTA ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် လက်တွေ့စိုက်ပျိုးသရုပ်ပြခဲ့ကြောင်း သိရသည်။

ထိုသို့ ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ ပျိုးထောင်ဧရိယာအနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးပင်များ ပြုပြင်ထိန်းသိမ်းမှုလွယ်ကူစိတ်ချရခြင်း၊ ပျိုးပင်များ နှုတ်ယူရန်မလိုခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ကောက်စိုက်ရာတွင် လူအင်အားအသုံးပြုမှုနည်းပါးခြင်းနှင့် သက်တောင့်သက်သာ စိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမြန်ခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ ကောက်ပင်လှန်ရန် စောင့်ဆိုင်းရန်မလိုခြင်း၊ ပျိုးပင်ပွားမှုနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် စပါးခင်းအား ရိတ်စက်၊ ရိတ်သိမ်းချွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်သည့် အကျိုးကျေးဇူးများကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဟိန်းက ပြောကြားခဲ့သည်။

အဆိုပါစိုက်ပျိုးပွဲသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဟိန်းနှင့် တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်သူရ