တွံတေးမြို့နယ် အ.မ.က(မူလွန်)(တလုတ္ထော်)၌ စာဖတ်ရှိန်မြှင့်မားရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

တွံတေး ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က တလုတ္ထော်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း(တလုတ္ထော်)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တွံတေးခရိုင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသက်ဦးက လူငယ်နှင့် စာဖတ်ခြင်းအကျိုး၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးကဆောင်းရာသီတွင် ဖြစ်တတ်သော ရောဂါများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းရီတို့က ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ်များ လှူဒါန်းပေးရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းစန္ဒာက လက်ခံရယူခဲ့ကြောင်း သိရသည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းစန္ဒာကက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ​မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူငယ်ရေးရာအသိပညာပေးဗီနိုင်းပို့စတားများအား ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တွံတေးသား