ပုဇွန်တောင် ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ပညာရေးမှူးရုံး တေဇခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များက “စုံညီပွဲတော်တို့နွဲပျော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်စန်းက ပညာရေး စုံညီပွဲတော်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကျောင်းကော်မတီဝင်များ၊ ကျောင်းသား မိဘများနှင့် ရပ်မိရပ်ဖများအား ကျေးဇူးတင်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-12 တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် လူရည်ချွန်ဆုရရှိခဲ့သူများ၊ Micro အပြေးပြိုင်ပွဲဆု၊ ဆိုကရေးတီးဆု၊ ခရစ်ကတ်ဆု၊ Royal-D ဘောလုံးပြိုင်ပွဲဆု၊ စာရိတ္တထူးချွန်ဆု၊ မူးယစ်ဆေးဝါးကျပန်းဆု၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းတက်ရက်မှန်ဆု၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ကျောင်းတွင်း ပညာရည်ချွန်ဆု ရရှိသူများအား တာဝန်ရှိသူများက ဆုတံဆိပ်၊ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူလေးများက “အခြေခံကဗျာလွတ်” အက၊ “ ဂျိန်းဖော့” အက၊ “မှုံရွှေရည်” အက၊ “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” အက၊ “ကိုဘီအေ” အက၊ “လက်ခတ် သံ” အက ၊ “တောင်ယာဝင်ချိန်” အက၊ “လောက အားမာန်” အက၊ “အဖေ” သီချင်း၊ “ပြည်မြန်မာ” သီချင်း၊ “မင်္ဂလာပါ” သီချင်း၊ “မြတ်ဆရာ” သီချင်းများဖြင့် တေးသရုပ်ဖော်၊ အက၊ အလှများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊ အဖွဲ့ဝင် (၂) ဦးမင်းဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်စန်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” တေးသီချင်းဖြင့်သီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်