ဒေါပုံ ဇန်နဝါရီ ၁၁
လူငယ်ဟူသည် အနာဂတ်၏ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ လူငယ်များဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဒေါပုံမြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် သက်ဆိုင်ရာဌာနများမှပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဦးကျော်ထူးချွန်က စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက လူငယ်များဗလငါးတန်ပြည့်မီစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများကို ဟောပြောခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများအား ဉာဏ်ရည်တိုးတက်မြင့်မားစေရေးအတွက် ဥာဏ်စမ်းမေးခွန်းများမေးမြန်ပြီး အဖြေမှန်သူများအား စာရေးကိရိယာ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်များအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)