သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ

ဒဂုံတောင် ဇန်နဝါရီ ၁၁

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းဌာနသည် ရန်ကုန်မြို့တွင်ကြုံတွေ့နေရသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ထိခိုက်မှုလျော့ပါးစေရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက စနစ်တကျရင်ဆိုင်နိုင်ရန်ရည်ရွယ်၍ ကျောင်းအခြေပြုအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက (၂၁)ရပ်ကွက် ပြည်ထောင်စုလမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ စုဝေးခန်းမ၌ ကျင်းပပြုလုပ်‌ကြောင်း သတင်းရရှိသည်။

အသိပညာပေးဟောပြောပွဲတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းဌာန လက်ထောက်ဌာနမှူးဒေါ်စောစန္ဒာဦး ၊ ဒေါ်ထွေးထွေးနုနှင့် တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သော အသိပညာများ၊ ဘေးအန္တရာယ်ဖြစ်ပွားမှုများ လျော့ပါးစေရန် ကြိုတင်ဆောင်ရွက်သင့်သောလုပ်ငန်းများ၊ ဘေးအန္တရာယ်ဖြစ်ပွားလာပါက ထိခိုက်မှုအနည်းဆုံး ရင်ဆိုင်ဖြေရှင်းရမည့်နည်းလမ်းတို့ကို ပါဝါပွိုင့်ဖြင့် ရှင်းလင်ပြောကြားကြပြီး ကျောင်းသား၊ ကျောင်းသူများအား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်‌ဝေခြင်း၊‌ ကျောင်းအုပ်ဆရာမကြီးအား ကျောင်းသုံးဗလာစာအုပ်နှင့် ဘောပင်များအား ပေးအပ်လှူဒါန်းခြင်းများဆောင်ရွက်ကြောင်း သတင်းရရှိသည်။

အသိပညာပေးဟောပြောပွဲသို့ မြို့ပြစီမံကိန်းဌာန လက်ထောက်ဌာနမှူးဒေါ်စောစန္ဒာဦး၊ ဒေါ်ထွေးထွေးနုနှင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦး တက်ရောက်ကြကြောင်းနှင့် ယခုအခါမြို့ကြီးများတွင် လူဦးရေများပြားလာခြင်း၊ စက်ရုံအလုပ်ရုံများတိုးပွားလာခြင်း၊ သစ်တောသစ်ပင်များ ပြုန်းတီးလာခြင်း၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းနှင့် ပြည်သူများအနေဖြင့် စည်းကမ်းလိုက်နာမှု အားနည်းခြင်း စသောဖြစ်စဉ်များကြောင့် ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိပြီး ကမ္ဘာကြီးပူနွေးလာမှုကို ရင်ဆိုင်နေရသည်။ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းဖြင့် ကျောင်းသားကျောင်းသူများသာမက ပြည်သူများအကြား သဘာဝဘေးအန္တရာယ်ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အသိပညာများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နေမျိုးအောင်(ဒဂုံတောင်)