ဒဂုံအရှေ့ ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁၂/က)၊ စက်မှုလယ်ယာ(၁)လမ်း၊ ၁၃ ရပ်ကွက်တွင် ယမန်နေ့နံနက် ၁၁:၃၀ နာရီ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားရသည့်အကြောင်းရင်းမှာ ရေခဲသေတ္တာ(Safe Guard)အပူလွန်ကဲ၍ ကပ်လျက်စာအုပ်စင်သို့ကူးစက်၍ မီးစတင်လောင်ကျွမ်းခဲ့ပြီး အမှတ်(၁၂/က)ရှိ သွပ်မိုး၊ ကျောက်ပြား၊ ပျဥ်ခင်း ၁ ထပ်နှင့် (၁၂/ခ)ရှိ သွပ်မိုးကျောက်ပြား၊ အုတ်ကာ ၁ ထပ် နံရံမီးဟပ်ခြင်းဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မီးလောင်မှုကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များတို့မှ မီးငြှိမ်းသတ်ယာဉ်(၇)စီး၊ မီးသတ်ရေသယ်ယာဉ်(၄)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ (၁၁:၄၀) အချိန်တွင် မီးအားအပြီးငြှိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဥ်ကြောင့် ဦးသန်းထွန်းအောင်(သ)၄၃နှစ်အား မြို့မရဲစခန်းမှ (ပ)၁၇/၂၀၂၅ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနရုံးထံမှ သိရသည်။
အေးမဉ္ဇူ