ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော် ဒို့နွှဲပျော်” သီချင်း သီဆိုကာ အခမ်းအနား ဖွင့်လှစ်ပေးကြသည်။ ထို့နောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် “ယခုလို ပညာရေးစုံညီပွဲတော်နဲ့ ဘက်စုံပညာထူးချွန်ဆုချီးမြှင့်ပွဲတွေဟာဆိုရင် ကျောင်းသား မိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တိုက်ရိုက်ထိတွေ့ခွင့်ရပြီး စုံစုံညီညီ ပျော်ပျော်ပါးပါးနဲ့ ဆင်နွှဲရမည့်ပွဲတော်ဖြစ်ကြောင်း၊ နောင်လာမည့် ပညာသင်နှစ်များတွင်လည်း ယခုကဲ့သို့ မြို့နယ်အဆင့်တွင်သာမက ခရိုင်၊ တိုင်း၊ ဗဟို အဆင့်မှာပါ ဆုများဆွတ်ခူးရရှိနိုင်အောင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများက ကြိုးစားပေးကြစေလိုကြောင်း” စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် သက်ဆိုင်ရာအတန်းအလိုက် မြို့နယ်အဆင့် ပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ထိုကဲ့သို့ ထူးချွန်အောင် သင်ကြားပြသပေးခဲ့ကြသည့် ဆရာ၊ ဆရာမများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာ၊ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများ၊ တေးသရုပ်ဖော်အကများဖြင့် ပျော်ရွှင်စွာ ကပြသီဆို ဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြသည်။
ဝေယံ (ပြန်/ဆက်)