နေပြည်တော် ဇန်နဝါရီ ၁၁
၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ/ပြိုင်ပွဲ၊ ဖွင့်ပွဲ/ပိတ်ပွဲ ကျင်းပရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆပ်ကော်မတီဝင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် MSME ထုတ်ကုန်များကို ပြခန်းအသီးသီးတို့တွင် ကြေငြာခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ဆပ်ကော်မတီများအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲ၊ ဖွင့်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး၊ အများပြည်သူများ လုံခြုံအေးချမ်းစွာ၊ စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရေး၊ လျှစ်စစ်မီးများရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ပြည်သူများ အပန်းဖြေနိုင်ရန်အတွက် ဖျော်ဖြေရေးအစီအစဉ်များ ဆောင်ရွက်ရေးတို့ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆပ်ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များက MSME ထုတ်ကုန်ပြပွဲ/ပြိုင်ပွဲ၊ ဖွင့်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတို့နှင့်ပတ်သက်၍ ဆောင်ရွက်မည့် အစီအမံများကို အသေးစိတ် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လိုအပ်သည်များကို ဖြည့်စွက်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)