နမ့်စန်(တ) ဇန်နဝါရီ ၁၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း-ခွဲ(လေတပ်)တွင် ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က-ခွဲ(လေတပ်)မှကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အ.ထ.က-ခွဲ(လေတပ်)မှ Grade-10 နှင့် Grade-11 တို့မှ ကျောင်းသား၊ ကျောင်းသူ (၆)ဦးက ‘ကာယဗလ’၊ ‘ဉာဏဗလ’၊ ‘စာရိတ္တဗလ’ ၊ ‘မိတ္တဗလ’နှင့်‘ဘောဂဗလ’ စသည့် ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဝင်းတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကို၊ အ.ထ.က-ခွဲ(လေတပ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)