သာကေတ ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၇)နာရီအချိန်၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ရာ ဗိုလ်တထောင်ခရိုင် ပညာရေးမှူးဒေါက်တာခင်သူဇာစိန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်နှင့် မြို့နယ်ရှိအခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အဆင့်၂၀၂၄-၂၀၂၅ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အား ဗိုလ်တထောင်ခရိုင် ပညာရေးမှူးဒေါက်တာခင်သူဇာစိန်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြိုနယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းတို့က ဘက်စုံသုံးအလှူငွေအား ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စိန်ညီလာခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားအားဆက်လက်ကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ကျောင်းသူလေးများက စုံညီပွဲတော်တို့နွဲပျော် တေးသီချင်းဖြင့် အခမ်းအနားအားသီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ဗိုလ်တထောင်ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူတို့က အဖွင့်အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် ဗဟိုအဆင့်၊ တိုင်းအဆင့်၊ခရိုင်အဆင့်၊ မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကာယ၊ ဉာဏထူးချွန်ဆုရရှိသည့် ကျောင်းသူ၊ကျောင်းသားများနှင့် ၂၀၂၃-၂၀၂၄နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Cleanand Green School Award တိုင်းအဆင့်၊ မြို့နယ်အဆင့် ပထမဆု၊ အထူးဆုရရှိသည့် အမှတ်(၁)၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများအားလည်းကောင်း၊ တက္ကသိုလ်ဝင် အောင်ချက်အကောင်းဆုများအားလည်းကောင်း တာဝန်ရှိသူများက အသီးသီး ဆုချီးမြှင့်ခဲ့ကြပြီး အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက ဘက်စုံပညာကိုရည်တို့လှမ်းချီ သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
သဲထက်ဇင်