ဟိုပုံး ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားအား “မြန်မာ့ကျောင်းသီချင်း” သီဆို၍ ဖွင့်လှစ်ခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာမ ဒေါ်နော်ချယ်ရီအေးက အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူးက ထပ်ဆင့်အမှာစကားပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့နာယကကြီး ဦးအောင်ဆန်းလွင်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ကျောင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ အထိမ်းအမှတ်နေ့ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက အကအလှတေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)