မိုင်းပျဉ်းမြို့နယ် အ.မ.က-ဝမ်ကန်(စံပြ)ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

မိုင်းပျဉ်း ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ကန်(စံပြ)ကျေးရွာ၊  အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က-ခွဲ(မိုင်းပျဉ်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်၊ ဟောင်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမိုးကျော်၊ ကျေးရွာလူကြီး ဦးအင်းဟုန်တို့က အမှာစကားအသီးသီးပြောကြားကြသည်။ ထို့နောက် အ.မ.က-ဝမ်ကန်(စံပြ)ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးနွယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးပြက္ခဒိန်ပါ ကျောင်းတွင်းထူးချွန်ဆုနှင့် အားကစားဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူအသီးသီးတို့က ဆုများပေးအပ်ချီးမြှင့်‌ခဲ့ကြပြီး၊   ကျောင်းသား၊ကျောင်းသူလေးများက အကအလှပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်၊ မြို့နယ်ပညာရေးမိသားစု၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ‌ကျောင်းသားမိဘများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)