မောက်မယ် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်နမ့်ယွန်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား မိဘများတက်ရောက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဈေးတန်းအ.လ.က(ခွုဲ)မှကျောင်းသူလေးများက စုံညီပွဲတော်တို့နွဲပျော် သီချင်းဖြင့်အခမ်းအနားဖွင့်လှစ်၍ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ကျောင်းသားတို့မှ ဆက်လက်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် မိမိတို့ကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး ပညာရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကာယဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေကပြတင်ဆက်ခဲ့ကြ၍ အ.ထ.က (မောက်မယ်)မှ ကျောင်းသူလေးများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးမြောက်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)