ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဥတ္တရသီရိ ဇန်နဝါရီ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊  “ရင်သွေးပျိုးခင်း” ကိုယ်ပိုင်အလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက “စုပေါင်းကာကွယ် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်အေးပပဖြိုးက “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမျိုးသမီးများ၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၈၀ ဦးအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး “PM2.5 အကြောင်းသိကောင်းစရာ” အသိပညာပေး Video Clip ပြသခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ပတ်ဝန်းကျင်ဆိုင်ရာအသိပညာဗဟုသုတမေးခွန်းများ အပြန်အလှန်မေးမြန်းဖြေကြားကာ အမှတ်တရဆုလက်ဆောင်များချီးမြှင့်ခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)