မော်လမြိုင် ဇန်နဝါရီ ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၄ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းတက်ရောက်လာကြသည့် သင်တန်းသားများအား ရပ်ရွာအကျိုးပြည်သူအကျိုးကို အားသွန်ခွန်စိုက်ဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်နှင့် အခြားကျရောက်တတ်သည့် ဘေးအန္တရာယ်အမျိုးမျိုးတွေကိုလည်း ပြည်သူနှင့် အတူပူးပေါင်းပါဝင်ပြီးပြည်သူ့ အကျိုးပြုဆောင်ရွက်ရသည့် တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရေးအတွက် စိတ်ဓာတ်ခိုင်မာရုံသာမက စိတ်စေတနာ အရင်းခံပြီး ဇွဲ၊ လုံ့လ၊ ဝိရိယတို့နှင့်အတူ ဆောင်ရွက်ကြစေရေးအမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦး တက်ရောက်ခဲ့ကြကာ သင်တန်းကာလကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ(၁၆)ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့ထိ ဖွင့်လှစ်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးစိုးကျော်သူထံမှ သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)