မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ပိုစတာပြသခြင်းများ ဆောင်ရွက်

မုဒုံ ဇန်နဝါရီ ၁

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျောင်သား/သူများ အသိပညာဗဟုသုတများ ပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေး​ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အ..က (စာစင်အလယ်ပိုင်း) စာသင်ကျောင်း၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်စန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက စာပေဖတ်ရှုလေ့လာခြင်းသည် ဘဝအတွက် အလွန်အရေးကြီးသည့် အချက်ဖြစ်သောကြောင့် ငယ်ရွယ်စဥ်ကတည်းက စာပေဖတ်ရှုလေ့လာမှု အလေ့အကျင့်ကောင်းကို ပြုစုပျိုးထောင်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းစာအပြင် ပြင်ပစာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် အမှား/အမှန် ခွဲခြားတတ်စေရန်၊ အသိပညာဗဟုသုတပြည့်စုံ၍ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံက စားသုံးသူကာကွယ်ရေးအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်ပိုစတာများ၊ စာအုပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၆၅) ဦးမှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)