ပူတာအိုခရိုင်၌ လူငယ်စကားဝိုင်းကျင်းပ

ပူတာအို ဇန်နဝါရီ ၁၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများရရှိစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ခရိုင်ဉီးစီးမှူး ဒေါ်တင်တင်ချိုက လူငယ်စကားဝိုင်းဆွေး နွေးပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ခရိုင်ဉီးစီးမှူး ဒေါ်တင်တင်ချိုက ဉီးဆောင်ဆွေးနွေးသူနှင့် အ.ထ.က(ပူတာအို)ကျောင်း အထက်တန်းပြဆရာမ ဒေါ်အိအိသင်းက တွဲဘက်ဉီးဆောင်ဆွေးနွေးသူအဖြစ်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး G-11(A)ခန်းမှ မအလိအောင်းဆန်းရာက “လူငယ်နှင့်ပညာရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-11(A)ခန်းမှ မလှဧကရီက “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-12(D)ခန်းမှ မောင် ကျော်ဆန်းက “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-11(C)ခန်းမှ မောင်အောင်ကောင်းဆက်က “လူငယ်နှင့်နည်းပညာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-12(D)ခန်းမှ မောင်ကွာဘော်တားက “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-11(A)ခန်းမှ မနုနုအေးက “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြသည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးချက်များအပေါ် သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဉီးဆောင်ဆွေးနွေးသူများနှင့် သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ဆွေးနွေးဖြေကြားခဲ့ကြပြီး အ.ထ.က(ပူတာအို) ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းအေလာက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ခင်းကျင်းပြသထားသော ပြည်ထောင်စုနေ့ အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မြန်မာ့လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ မြန်မာ့တပ်မတော်၏ဖခင်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းကောက်နုတ်ချက်များနှင့် စာအုပ်စာစောင်ပြပွဲများ ခင်းကျင်းပြသထားရှိမှုများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဘုန်းလက်ရာသစ်