(အ-ထ-က)ခိုလမ်ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ခိုလမ် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသား/သူများက “စုံညီပွဲတော် ဒို့နွှဲပျော်” သီချင်းဖြင့် စတင်ဖျော်ဖြေခဲ့သည်။

ထို့နောက် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ပညာရေးစုံညီပွဲ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ-ထ-က(ခိုလမ်)ကျောင်းအတွက်ရန်ပုံငွေအား ကျောင်းအုပ်ဆရာကြီးထံသို့ ပေးအပ်ခဲ့ပါသည်။

ယင်းနောက် မြို့နယ်အဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများ၊ အထိမ်းအမှတ်နေ့ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ၊ ပညာရည်ချွန်ဆုရရှိသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား/သူများမှ  ပဒေသာ အကများဖြင့် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)