ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြသ

ကျောက်ဆည် ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး မြောင်းဦးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့ နံနက်(၁၀) နာရီက ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာဗဟုသုတများရှာမှီးနိုင်ရန်၊ စာအုပ်စာပေ၌နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်အလေ့ အထ၊ အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အသိပညာပေးဟောပြောပွဲတွင် လက်ပန်ပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်စန်းထွေးက ကျောင်းသား‌၊ ကျောင်းသူများ ပညာတတ်များဖြစ်အောင်ပညာကို လေ့လာကြိုးစားသင်ယူကြရန်၊ ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများရှာဖွေဖတ်ရှုလိုကြောင်း အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်းသား၊ကျောင်းသူ လူငယ်များစာအုပ်စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်ဝသည့် လူငယ်များဖြစ်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့်  အသိပညာပေး ဟောပြောခဲ့သည်။

အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိရေး စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်၊ အရွယ်မရောက်သေးသောကလေးသူငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်ခြင်း အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)