ရွှေကူ ဇန်နဝါရီ ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါ ၏” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ယာယီဥက္ကဋ္ဌ မြို့နယ်ရဲမှူး မြင့်ဇော် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြတ်နွယ်က အခက်အခဲများစွာကြားမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းပညာရေးသာမက အခြားဘက်စုံ ထူးချွန်ရေးတို့အတွက် မိဘ/ ဆရာ/ ကျောင်းသားတို့၏ အစဉ်အလာမပျက် ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်မှုများဖြင့် ယခုကဲ့သို့ ပညာရေးစုံညီပွဲတော် ကျင်းပြုလုပ်နိုင်ခြင်းအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် သင်ထောက်ကူပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများနှင့် ဘာသာရပ်ဆိုင်ရာ ထူးချွန်ပြိုင်ပွဲ စသည့်ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ကပြ၊ သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)