တွံတေး ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က တံခွန်တိုင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (တံခွန်တိုင်လေးအိမ်စု)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.လ.က(ခွဲ)(တံခွန်တိုင်းလေးအိမ်စု)ကျောင်းမှ ကျောင်းအုပ်ဆရာကြီးကိုယ်စား တာဝန်ခံဆရာမ ဒေါ်နွယ်နီဝင်းက အဖွင့်အမှာစကားများပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသက်ဦးက လူငယ်နှင့်စာဖတ်ခြင်းအကျိုး၊ တွံတေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအာကာမင်းက စားသုံးရန်မသင့်သော အစားအစာများအကြောင်းခေါင်းစဥ်များဖြင့် ဟောပြောခဲ့သည်။ ဆက်လက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေမောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းနောက် ပြန်/ဆက်ဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်အတွက် သုတစာအုပ်(၅၀)အုပ်ကို ဦးစီးအရာရှိ ဦးသက်ဦးက ပေးအပ်လှူဒါန်းရာ တာဝန်ခံဆရာမ ဒေါ်နွယ်နီဝင်းက လက်ခံခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော လူငယ်ရေးရာအသိပညာပေး ဗီနိုင်းပို့စတားများအား ကျောင်းသား၊ကျောင်းသူများ ဆရာ၊ ဆရာမများစိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာမှတ်သားကြကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တွံတေးသား