မိုးညှင်းတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမျိုးသား/အမျိုးသမီး တံခွန်စိုက် ဘာသာရပ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မိုးညှင်း ဇန်နဝါရီ ၁၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၄−၂၀၂၅ ပညာသင်နှစ် အမျိုးသား/အမျိုးသမီးတံခွန်စိုက် ဘာသာရပ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၇)နာရီခွဲအချိန်က တက္ကသိုလ်မိုးလုံလေလုံ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

အဆိုပါ အားကစားပြိုင်ပွဲကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ဇင်ဦးမှ ကူညီဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း အမျိုးသား(၆)သင်း အမျိုးသမီး (၈)သင်းတို့ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

ဦးစွာ တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က အဖွင့်အမှာစကားပြောကြားရာတွင် အားကစားလုပ်ဆောင်ခြင်းဖြင့် အချင်းချင်းကူညီရိုင်းပင်းတဲ့စိတ်ဓာတ်၊ စည်းကမ်းလိုက်နာတတ်သည့် အလေ့အကျင့်ကောင်းများ၊ ခေါင်းဆောင်မှုအတတ်ပညာများ ရရှိမှာဖြစ်ကြောင်း၊ မိုးညှင်းတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် အားကစားသမားများသည် ဘက်စုံထူးချွန်သည့်လူငယ်များ၊ ကျန်းမာသန်စွမ်းသည့် ပညာတတ်လူငယ်လူတော်များ ဖြစ်အောင်ကြိုးစားကြစေလိုကြောင်း၊ အားကစား စိတ်ဓာတ်အပြည့်အဝနှင့် စည်းကမ်းလိုက်နာပြီး ကစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစား သစ္စာအဓိဋ္ဌာန်ကိုရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး အဖွင့်ပွဲစဥ်အဖြစ် အင်္ဂလိပ်စာဘာသာရပ်အသင်းနှင့် ပထဝီဝင်ဘာသာရပ်အသင်းတို့ ယှဥ်ပြိုင်ကစားကြ၍ ပြိုင်ပွဲများကို ယနေ့မှစ၍ ၁၃ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ၁၃ ရက်တွင် ပိတ်ပွဲအဖြစ် အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဆုများအသီးသီး ချီးမြှင့်သွားမည် ဖြစ်ကြောင်းနှင့် ဇန်နဝါရီလ ၁၅ ရက်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး တံခွန်စိုက် ဘောလုံးပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။                                                          

ကိုသောင်း(ပြန်/ဆက်)