ဇေယျာသီရိ ဇန်နဝါရီ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၅ ခုနှစ်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award) များ ပေးအပ်ချီးမြှင့်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပါဝင်ယှဉ်ပြိုင်မည့် ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်အဆင့် ဌာနဆိုင်ရာများဖြစ်ကြသော စည်ပင်သာယာရေးကော်မတီ(ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပညာရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ဇေယျာသီရိခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ် ရုံးပင်ဇောင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းနှင့် ရေဆင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award)များ ပေးအပ်ချီးမြှင့်နိုင်ရေးအတွက် သတ်မှတ်ထားသည့် အညွှန်းကိန်း(၁၇)ချက်ပါ လုပ်ငန်းစဉ်များ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား မြေပြင်ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပတ်ဝန်းကျင်ဆိုင်ရာအသိပညာလှုပ်ရှားမှုများ ပိုမိုမြှင့်တင်နိုင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုအပေါ် အထောက်အပံ့ဖြစ်လာစေခြင်း၊ အစိုးရဌာနများ၊ အရပ်ဖက်အဖွဲအစည်းများနှင့် ရပ်ရွာလူထုအဖွဲအစည်းများအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် အလေ့အကျင့်ကောင်းများကို စဉ်ဆက်မပြတ် ရေရှည်ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)