ရှမ်းပြည်နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများသို့ အထူးကုကွင်းဆင်း ဆေးကုသမှုများဆောင်ရွက်

တောင်ကြီး ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် စဝ်စံထွန်းဆေးရုံကြီးတို့ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများသို့  အထူးကုကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိ အရိယဝံသ မြို့ဦးကျောင်းတိုက်ရှိ စိန်ရတုကျောင်းဆောင်တွင် ပြုလုပ်သည်။

အထူးကုကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူတို့ သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဆေးကုသခြင်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းနိုင်၊ စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်နှင့် အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများ၊ တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက အရိယဝံသ မြို့ဦးကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော် ၄၅၀ ပါးတို့အား သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ အရေပြားရောဂါနှင့်အထွေထွေရောဂါများကို စမ်းသပ်စစ်ဆေးပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများ ပြုလုပ်ပေးခဲ့သည်။

ရှမ်းပြည်နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများသို့  အထူးကုကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ခြင်း အစီအစဉ်ကို ဒုတိယရက်သတ္တပတ်အနေဖြင့် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် တောင်ကြီးမြို့၊ တောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)