မြစ်သား ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့တို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က မြို့မအနောက် (အ.မ.က)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှအဖွဲ့ဝင် ဒေါ်ထွန်းထွန်းမော်က ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် အရေးကြီးပုံအကြောင်း၊ ကလေးအလုပ်သမားတွေလျော့နည်းပပျောက်အောင် ကလေးများကို အကာအကွယ်ပေးရမည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ အဖွဲ့ဝင်အထက်တန်းရှေ့နေ ဒေါ်ယဥ်ယဥ်ထွန်းက ကလေးများကို ကြမ်းတမ်းသောအလုပ်၊ အန္တရာယ်ရှိသောအလုပ်နှင့် ခေါင်းပုံဖြတ်ခံရသည့် လုပ်ငန်းမျိုးမှ အကာအကွယ်ပေးရန်နှင့်ကလေးများ၏ ကျန်းမာရေးနှင့်ပညာရေးတို့ကို ထိခိုက်စေမည့် အလုပ်မျိုးမလုပ်ရစေရန်၊ တားဆီးကာကွယ်ပေးရမည်ဖြစ်ကြောင်းစသည့် အကြောင်းအရာများကို အကျယ်တဝင့်ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ပြည်ထောင်စုနေ့အထိမ်းအမှတ်နံရံကပ် စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲများ ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စား ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)