မိုးနဲ ဇန်နဝါရီ ၁၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစိးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၁၇ ဒသမ ၄၆၆ သန်းဖြင့် ကုန်းကျောင်းကျေးရွာ ကုန်ထုတ်လမ်းအရှည်နှစ်မိုင်၊ အကျယ် ၃၂ ပေနှင့် လမ်းဘေး(ဝဲ/ယာ)ရေမြောင်းအနက်နှစ်ပေ၊ အကျယ်နှစ်ပေ ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခွန်မြင့်သောင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများလိုက်ပါ၍ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးရာ မြို့နယ်ဦးစီးမှူး ဦးအာကာဖြိုးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နမ့်စန်ခရိုင်ဦးစီးမှူး ဦးခွန်မြင့်သောင်းက လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်းကျောင်းကျေးရွာကုန်ထုတ်လမ်း ပြီးစီးသွားသည့်အတွက် ကျေးရွာနေအိမ်ခြေ ၇၀ အိမ်၊ အိမ်ထောင်စု ၇၅ စု၊ လူဦးရေ ၃၅၇ ဦး၏ လမ်းပန်းဆက်သွယ်ရေး၊ လူနေမှုအဆင့်နှင့်ကုန်စည်စီးဆင်းမှုများ မြန်ဆန်လွယ်ကူစွာသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)