သုံးခွ ဇန်နဝါရီ ၁၀
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အလွတ်တန်း)အမျိုးသားဂိုးလတ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ဘုရင့်နောင်အားကစားကွင်း၌ ဇန်နဝါရီ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အမျိုးသားဂိုးလတ်(အလွတ်တန်း)ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ အားကစားပြိုင်ပွဲများကျင်းပရခြင်းကြောင့် အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်တတ်ပြီး စည်းလုံးညီညွှတ်စေရန်နှင့် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သည့် ရွက်ပုန်းသီးဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဋ္ဌာန် (၄)ကြိမ်ရွတ်ဆိုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစားအဖွဲ့များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ယနေ့ဖွင့်ပွဲ ပထမနေ့တွင် ရေပေါ်ကန်ကျေးရွာအသင်းနှင့် မိကျောင်းကန်ကျေးရွာအသင်းတို့ စတင်ယှဉ်ပြိုင်ကစားကြသည်။ ဆက်လက်၍ ဘောလုံးအားကစားသမားများက မိမိတို့ကျရာအသင်းဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး အကောင်းဆုံးယှဥ်ပြိုင်နိုင်သူအသင်းများအား ဆုလက်ဆောင်များ ချီးမြှင့်မှာဖြစ်ပြီး ဘောလုံးအသင်း (၁၅) သင်းမှ သက်ဆိုင်ရာအချိန်နေ့ရက်များအလိုက် ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်