၂၀၂၅ ခုနှစ်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award) များ ပေးအပ်ချီးမြှင့်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ဥတ္တရသီရိ ဇန်နဝါရီ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၅ ခုနှစ်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award)များ ပေးအပ်ချီးမြှင့်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပါဝင်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ ၈ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့‌‌ကြောင်း သိရသည်။

ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်အဆင့် ဌာနဆိုင်ရာများဖြစ်ကြသော‌ စည်ပင်သာယာရေးကော်မတီ(ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန)၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပညာရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ဇေယျာသီရိခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပုဗ္ဗသီရိမြို့နယ်ရှိ အောင်သာယာရပ်ကွက် အခြေခံပညာမူလတန်း(လွန်)ကျောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award)များ ပေးအပ်ချီးမြှင့်နိုင်ရေးအတွက် သတ်မှတ်ထားသည့် အညွှန်းကိန်း (၁၇)ချက်ပါ လုပ်ငန်းစဥ်များ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နေမှု အ‌ခြေအနေများအား မြေပြင်ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)