သာကေတ ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း(၁၀)နာရီအချိန်၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစိန်ညီလာခန်းမ၌ကျင်းပရာ အမှတ်(၂)အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးဇော်သက်ဇေအောင်နှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားအား အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက (ကြိုဆိုပါသည်စုံညီပွဲတော်)သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးကအဖွင့်အမှာစကားနှင့် ပညာရေးစုံညီပွဲတော်ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။ ထို့နောက်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူအထက်တန်းကျောင်းများတွင် ပညာသင်ကြားကြသည့် အတန်းလိုက်ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်မြို့နယ်အဆင့်၊ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ၊ အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ဆုရရှိသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တက်ရောက်လာကြသည့် သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး ပညာရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီပေးခဲ့သော အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနား၌ အ.ထ.က(၂)မှကျောင်းသူလေးများက မြတ်ဆရာသီချင်း၊ နှလုံးသားကိုအလှဆင်ပါသီချင်း၊ ဇာတိမာန်သီချင်းတို့ဖြင့်လည်းကောင်း အခြေခံကဗျာလွတ်ကကွက်(၄၀)ဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကြပြီး အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
သဲထက်ဇင်(ပြန်/ဆက်)