ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၉၀) ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၀

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၉၀) ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၈ ရက်နေ့မွန်းလွှဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ အလှည့်ကျသဘာပတိ ဦးမျိုးအောင်ဌေးနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၀င်များက လက်ခံရယူပြီး ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ဒွိပိဋကဓရ၊ ဝိနယ+ဒီဃနိကာယပါဠိပါရဂူ ရွှေပြည်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရားနာယူကြသည်။

အလှူငွေပေးအပ်ပွဲလှူဒါန်းပွဲတွင်၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှ နိုဝင်ဘာလ၂၀ ရက်နေ့အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင်(၁၆၀)ဦးက ၆ကျပ်သားရွှေပြား ၉ ချပ်နှင့် တစ်ကျပ်သား ရွှေပြား ၂၃၆ ချပ် စုစုပေါင်းရွှေစင်ရွှေပြားအချပ် ၂၄၅ ချပ်လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင်(၁၃၈)ဦးအပါအ၀င် လှူဒါန်းငွေ စုစုပေါင်းကျပ်၂၅၅၂၃၁၂၀၁၉(ကျပ်သိန်းပေါင်းနှစ်သောင်းငါးထောင်ငါးရာ နှစ်ဆယ့်သုံးသိန်း တစ်သောင်း နှစ်ထောင်တစ်ဆယ့်ကိုးတိတိ) ဖြစ်ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)