ဗိုလ်တထောင်မြို့နယ်၌ ရပ်ကွက်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်

ဗိုလ်တထောင် ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အမှတ်(၄)ရပ်ကွက် ဘိုးရာဇာစာကြည့်တိုက်သို့ ယမန်နေ့မွန်းလွှဲ ၁၀ နာရီအချိန်က မြို့နယ်စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များနှင့် ရပ်ကွက်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ စာပေဝါသနာရှင်များနှင့် တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပထမဦးစွာ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်လှမောင်က မိတ်ဆက်စကားပြောကြားပြီး ယခင်အမှတ်(၄)ရပ်ကွက်တွင် သုခရတနာစာကြည့်တိုက်အမည်ဖြင့်ဖွင့်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုစာကြည့်တိုက်အားရှင်သန်ဖွံ့ဖြိုးရေးဆက်လက်ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ လိုအပ်သည့်အကူအညီများကိုလည်းဝိုင်းဝန်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်ဝင်းကြည်ကလည်း စာကြည့်တိုက်ဖွင့်လှစ်နိုင်ရေးဦးစွာပထမစာပေဝါသနာရှင်များ၊ စာကြည့်တိုက်စိတ်ဝင်စားသူများပါဝင်​သော စာကြည့်တိုက်ကော်မတီများဖွဲ့စည်းရန်၊ စာအုပ်စာစောင်ရရှိရေးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စာအုပ်များရရှိပါကမိမိဝန်ထမ်းများဖြင့် သုတ၊ ရသများခွဲ၍ စာအုပ်မှတ်တမ်းသွင်းသည့်နည်းစနစ်များအား လာ​ရောက်၍ဆောင်ရွက်ပေးမည်ဖြစ်​ကြောင်း စာကြည့်တိုက်အားအမြန်အကောင်အထည်ဖော်နိုင်အောင်ဆောင်ရွက်ပေးကြရန် စသည်တို့ကိုဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက စာကြည့်တိုက်ဖွင့်လှစ်နိုင်ရေးအမြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်အမည်ကိုလည်း ယခင်ဖွင့်လှစ်ခဲ့သောသုခရတနာအမည်ဖြင့်ပင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ဆိုင်းဘုတ်ရှိပြီးဖြစ်ကြောင်း၊ မြေနေရာအခက်အခဲရှိသဖြင့် ရပ်ကွက်ရုံးနှင့်တွဲ၍စာကြည့်တိုက်ကိုဖွင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရာအိမ်မှူးဆယ်အိမ်မှူးများနှင့်စာပေဝါသနာရှင်များကလည်း စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြမည်ဟု ပြောကြားခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခင်ဝင်း(ပြန်/ ဆက် )