တွံတေး ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းနှင့် Unique IDထုတ်ပေးခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၈ ရက်နေ့ နံနက်(၉)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ထူးနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး ဇီဝဆိုင်ရာအချက်အလက်စိစစ်ကောက်ယူ၍ Databaseတွင် သိမ်းဆည်း၍ မတူညီဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်ကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးလျက်ရှိသည်။
အဆိုပါလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်(၂၆)ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန်နှင့် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများကို ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ၍ တစ်ဦးချင်းစီ၏ Unique ID နံပါတ်စာရွက်များ ထုတ်ပေးပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တွံတေးမြို့နယ် ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။
တွံတေးသား