ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း အင်တာနက်ဝိုင်ဖိုင် ဆက်သွယ်ရေးလိုင်းကြိုးများ စနစ်တကျ သွယ်တန်းရေးညှိနှိုင်းအစည်းအဝေး ပြုလုပ်

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း သွယ်တန်းထားရှိသည့် ဆက်သွယ်ရေးဖုန်းလိုင်းကြိုးများနှင့် ပုဂ္ဂလိကအင်တာနက် ဝိုင်ဖိုင်လိုင်းကြိုးများ သတ်မှတ်စည်းကမ်းနှင့်အညီ သွယ်တန်းထားရှိရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၇ ရက်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်က အစည်းအဝေးပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး ဇော်မင်းဦးမှ အင်တာနက်ဝိုင်ဖိုင် ဖိုက်ဘာကြိုးသွယ်တန်းခြင်းလုပ်ငန်းများအား တရားဝင်ခွင့်ပြုချက်ဖြင့်သာ စနစ်တကျ တပ်ဆင်ဆောင်ရွက်ရန်၊ ကြိုးသွယ်တန်းဆောင်ရွက်ရာတွင်လည်း သတ်မှတ်အမြင့်ပေတွင် သွယ်တန်းဆောင်ရွက်ရန်၊ အကြောင်းအမျိးမျိုးကြောင့် ဆက်သွယ်ရေးတိုင်/ကြိုးများပျက်စီးသွားပါက အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန်၊ ရပ်ကွက်လမ်းများအတွင်း ရှုပ်ထွေးနေသည့် ကြိုးလိုင်းများအား စနစ်တကျ ရှင်းလင်းဆောင်ရွက်သွားရန်၊ မြို့နယ်အတွင်း ဆောင်ရွက်ထားရှိသည့် ဆက်သွယ်ရေးတိုင်/ ကြိုးလိုင်းများအား စာရင်းပြုစုတင်ပြရန်နှင့် ယခုပြောကြားသည့် ဆောင်ရွက်ရမည့်လုပ်ငန်းများအား အမြန်ဆုံးဆောင်ရွက်ရန် စသည်ဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ဆက်သွယ်ရေးတာဝန်ခံနှင့် အင်တာနက်ဝိုင်ဖိုင်လုပ်ငန်း တာဝန်ရှိသူများက မြို့နယ်အတွင်း မိမိတို့ လက်ရှိဆောင်ရွက်လျက်ရှိသည့် ဆက်သွယ်ရေး၊ ဝိုင်ဖိုင်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ အင်တာနက်ဝိုင်ဖိုင်လုပ်ငန်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)