မိတ္ထီလာမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

မိတ္ထီလာ ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်တို့ကာကွယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အစိုးရနည်းပညာအထက်တန်း (မိတ္ထီလာ) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်က ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ၎င်းနောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက အသိပညာပေး ဟောပြောပွဲကျင်းပခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် မြို့နယ်အတွင်း မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော တောမီးနှင့် အခြားအေကြာင်းအမျိုးမျိုးတို့ကြောင့် မီးလောင်ကျွမ်းခြင်းတို့ကို ကာကွယ်နိုင်ရန်အတွက် အသိပညာပေး ဟောပြောခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး လေထုထဲတွင်ရှိသော အမှုန်အမွှားများအကြောင်း သိကောင်းစရာ Video Clip  အား Power point ဖြင့် ပြသခဲ့သည်။ ထိုနောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်တို့ကာကွယ် အသိပညာပေး လက်ကမ်းစာစောင်များအား ကျောင်းသား/ကျောင်းသူများအား ဖြန့်ဝေခဲ့ရာ အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဦးစိန်ကျော်လှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဦးစိန်ကျော်လှိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                   

သိန်းမြင့်ကျော်(မိတ္ထီလာ)