တိုက်ကြီး ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် တာခွကျေးရွာအုပ်စု ရန်ကုန်-ပြည်လမ်းတိုးဂိတ်တွင် ယမန်နေ့ နံနက်ပိုင်းက YBS -123 ခရီးသည်တင်ယာဉ်သည် မျက်နှာချင်းဆိုင်မှ ကုန်တင်ယာဉ် ၂ စီး၊ အိမ်စီးယာဉ် ၁ စီးတို့အား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၆နာရီ ၅၀ အချိန်ခန့်က ရန်ကုန်မှ ပြည်သို့ မောင်းနှင်လာသော YGN-12(4H/1460) HYUNDAI (YBS-123) အဖြူရောင်ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရန်ကုန်မှ ပြည်သို့ မောင်းနှင်လာသော YGN-12(7B/8258) KANTA အဖြူရောင်ကုန်တင်ယာဉ်၊ MDY-12 (4H/5256)BONGO အဖြူရောင်ကုန်တင်ယာဉ်နှင့် YGN-9(3I/9250)HONDA FIT အဖြူရောင်အိမ်စီးယာဉ်တို့အား မျက်နှာချင်းဆိုင်ဝင်တိုက်မိ၍ လူညပ်နေကြောင်း သတင်းအရ တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၉)ဦးတို့သည် မီးငြှိမ်းသတ်ယာဉ်(၁)စီးနှင့်အတူ သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သည်။
ထိုသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် YGN- 12(7B/8258) KANTA အဖြူရောင်ကုန်တင်ယာဉ်မှ စပါယ်ယာဖြစ်သူ ဦးကျော်မင်းဦး(၄၁)နှစ်(ဘ) ဦးလှနိုင်ဦး ယာဂျိုဇောင်းပေါက်ပြဲ၊ ဝဲလက်နာကျင်၊ နှုတ်ခမ်းဖူးရောင်(မစိုးရိမ်ရ)နှင့် YGN-12 (4H/1460) HYUNDAI(YBS-123)အဖြူရောင်ခရီးသည်တင်ယာဉ်ပေါ်ပါ ခရီးသွားပြည်သူ(၉)ဦးတွင် ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) အသီးသီးရရှိရာ နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်း၊ မိုးစေတနာပရဟိတအသင်းနှင့် အရေးပေါ်လူနာအသက်ကယ်ပို့ဆောင်ရေးကူညီမှုအဖွဲ့မှ လူနာတင်ယာဉ်တို့ဖြင့် တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက MDY-12 (4H/5256)BONGO အဖြူရောင်ကုန်တင်ယာဉ်၏ ယာဉ်မောင်းခုံတွင် ညပ်နေသော ယာဉ်မောင်းဖြစ်သူ ဦးရဲထက်(၂၆)နှစ်(ဘ)ဦးခင်မောင်ဝင်း ယာခြေပြတ်ရှ(မစိုးရိမ်ရ)နှင့် ကားခေါင်းခန်းအလယ်ခုံတွင် ညပ်နေသော ဦးထက်ထက်ကျော်(၃၂)နှစ် (ဘ) ဦးခင်မောင်ဝင်း ယာပါးနှင့် ဘယ်ဒူးမှန်စထိမှန် (မစိုးရိမ်ရ) တို့အား Power Unit 1 Hydraulic Spreaderi Hydraulic Rami Hydraulic Cutter များ အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မိုးစေတနာပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့် တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် YGN-12(4H/1460)HYUNDAI(YBS-123) အဖြူရောင်ခရီးသည်တင်ယာဉ်မှ ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်မောင်းဖြစ်သူ (စုံစမ်းဆဲ) အား ဥပဒေအရအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)