စစ်တွေ ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရေးဆွဲရေးနှင့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲရာတွင် ပိုလျှံငွေများပြားစွာ ပြန်အပ်ရမှုကို ရှောင်ရှားနိုင်ရန်နှင့် ဖြည့်စွက်ရန်ပုံငွေ တောင်းခံရမှုနည်းပါး နိုင်စေရန်တို့အတွက် လျာထားမှုနှင့် အမှန်အကောင်အထည်ဖော်နိုင်မှု နီးစပ်ရန်လိုကြောင်း၊ နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေအား ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ရငွေများကို တိုးတက်လျာထားနိုင်ရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ် ဒေသန္တရစီမံကိန်းလုပ်ငန်းစဉ်များကို အထောက်အကူပြုသည့် အသုံးစရိတ်များအပါအဝင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူပြုသည့် အသုံးစရိတ်များကို လျာထားနိုင်ရေးတို့ကို ဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဘဏ္ဍာငွေများသုံးစွဲရာတွင် လေလွင့်မှုမရှိစေဘဲ အကျိုးရှိရှိထိရောက်စွာဖြင့် သုံးစွဲကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲရာတွင် အခြေခံ၍ရေးဆွဲရမည့် အချက်အလက်များကိုလည်း ဖြန့်ဝေပေးပို့ထားပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေအရ အသုံးစရိတ်များ အမှန်သုံးစွဲနိုင်မှုရှိ/မရှိ၊ စီမံကိန်းလုပ်ငန်းများသည် မြေပြင်တွင် အမှန်အကောင်အထည်ဖော်နိုင်မှု ရှိ/မရှိ စသည့် အချက်များကို စိစစ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းခြေငွေစာရင်းများကို ယခုအစည်းအဝေးတွင် စိစစ်ပြီး ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုကာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိရောက်ကောင်းမွန်သော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဖြင့် နိုင်ငံတော်ကရည်မှန်းဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို စွမ်းဆောင်ရည် ပြည့်ဝစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများကို ဘဏ္ဍာရေးနှစ်အတွင်း ရရှိသုံးစွဲနိုင်မည့်ရငွေနှင့် အသုံးစရိတ်တို့ကိုသာ လျာထားရေးဆွဲကြရန်၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် ပြည်နယ်၏အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် အရအသုံးထည့်သွင်းလျာထားရန်နှင့် ပြည်ထောင်စုမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေဘောင်အတွင်း လျာထားရေးဆွဲကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရေးဆွဲရာတွင် ဆောင်ရွက်ရမည့် အချက်များကို ဆွေးနွေးပြောကြားပြီး ပြည်နယ်ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ဆွေက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အရအသုံးခန့်မှန်းခြေငွေ စာရင်း(သာမန်)ရေးဆွဲရာတွင် ညွှန်ကြားချက်များ၊ ရခိုင်ပြည်နယ်၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အရအသုံးခန့်မှန်းခြေငွေစာရင်းချုပ်၊ ရငွေအခြေအနေ၊ သာမန်အသုံးစရိတ်အခြေအနေနှင့် သာမန်အသုံးစရိတ် စိစစ်ရာတွင် ထူးခြားချက်များအားလည်းကောင်း၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က ရခိုင်ပြည်နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရေးဆွဲရေးနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအဆိုပြုလျာထားချက်စာရင်းအားလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။
တင်ထွန်း(ပြန်/ဆက်)