အခြေခံပညာအထက်တန်းကျောင်း (ရဲမွန်) တွင် လူငယ်စကားဝိုင်းကျင်းပ

လှည်းကူး ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ရဲမွန်)တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ရဲမွန်)၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးနွဲ့က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။ ထို့နောက် အ.ထ.က(ရဲမွန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဌေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးအေးနွဲ့နှင့် အ.ထ.က(ရဲမွန်)မှ အထက်တန်းပြဆရာ ဦးအာကာဟိန်းတို့က ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်၍ အ.ထ.က(ရဲမွန်)မှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေးစသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/သူများကလည်း မိမိတို့သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန် သုတ/ရသစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ပြသရာကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)