သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်

သထုံ ဇန်နဝါရီ ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်ရှိ သိမ်ဆိပ်အခြေခံပညာကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်အရ တီဘီရောဂါစစ်ဆေးရှာ‌ဖွေ ဖော်ထုတ်ခြင်းကို ယမန်နေ့ နံနက်က သထုံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦး ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သိမ်ဆိပ်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူတို့အား တီဘီရောဂါသတိပြုကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ရောဂါရှာဖွေစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါစစ်ဆေးပေးခြင်းကို သထုံမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း(၂၂)ကျောင်း၊ အလယ်တန်းကျောင်း(၄၇)ကျောင်းနှင့် မူလတန်းကျောင်း(၁၁၄)ကျောင်း စုစုပေါင်းအခြေခံပညာကျောင်း (၁၈၃) ကျောင်းတို့၌ လိုက်လံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)