မောက်မယ် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မိုင်းပုတ်ကျေးရွာအုပ်စု၊ မိုက်ကန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ မိုင်းပုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိန္တာက ပညာရေးဆိုင်ရာကိစ္စရပ်များအား အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခြေခံပညာမူလတန်းကျောင်း (တင်ကုန်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်မြတ်ထွေးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ ဆရာ/ ကျောင်းသားတို့မှ ဆက်လက်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိကျောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ကျောင်းသား/ ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် မိမိတို့ကျောင်းရှိ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးကြသော ကျောင်းသားမိဘအလှူရှင်များအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ကာယဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသားကျောင်းသူလေးများက တေးသရုပ်ဖော်တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)