ပုဗ္ဗသီရိ ဇန်နဝါရီ ၁၀
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ သရက်သမိန်ကျေးရွာ၊ ဇီးကုန်းကျေးရွာနှင့် လယ်သာကျေးရွာတို့တွင် စာကြည့်တိုက်အသစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာထွန်း၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆွေဆွေအေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်ကော်မတီဝင်များနှင့်အတူ ပုဗ္ဗသီရိမြို့နယ်ရှိ သရက်သမိန်ကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ လယ်သာကျေးရွာတို့တွင် စာကြည့်တိုက်အသစ်များ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများအနေဖြင့် ပြည်ထောင်စုနေ့အကြို စာကြည့်တိုက် မကြာမီဖွင့်လှစ်ဆောင်ရွက်နိုင်ရေး၊ ပရိဘောဂနှင့် စာအုပ် စာစောင်များကို စာကြည့်တိုက်အင်္ဂါရပ်နှင့်အညီ စာကြည့်တိုက်ဆောင်ပုဒ်များ၊ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ၊ ဖြည့်ဆည်းဆောင်ရွက်ရမည့် လုပ်ငန်းများ၊ စာဖတ်စွမ်းရည်မြင့်မားလာမှ အတွေးအခေါ်များလည်း မြင့်မားလာပြီး စွမ်းရည်လည်း မြင့်မားလာမည်ဖြစ်ရာ ပြည်သူများက စာကြည့်တိုက်ကို အမြန်ဆုံး အသုံးချနိုင်အောင် စနစ်တကျ ဆောင်ရွက်ထားရှိရန်၊ ကျေးရွာစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စုပေါင်းထည့်ဝင်သည့် ရန်ပုံငွေများ မတည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လစဉ်စာအုပ်၊ စာစောင်များ ဖြည့်ဆည်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သူတိုးပွားရေးကို ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
နန်းရွှေရတီ (ပြန်/ဆက်)